သားဆက်ခြားခြင်းမှာ အမျိုးသားတွေလည်း ပါဝင်ကူညီကြမယ်
သားဆက်ခြားခြင်း၊ သန္ဓေတားခြင်းဆိုတာ အမျိုးသမီးများအတွက်သာမကဘဲ သူတို့ရဲ့ အိမ်ထောင်ဖက်အမျိုးသားတွေနဲ့ပါ အများကြီးသက်ဆိုင်ပါတယ်။ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို အမျိုးသားတွေအနေနဲ့ ကလေးမလိုချင်သေးတဲ့ အခြေအနေမှာ သားဆက်ခြားခြင်းနည်းလမ်းတွေကို အွန်လိုင်းကနေ ဖြစ်စေ၊ ကျန်းမာရေးစာစောင်များကို ဖတ်ရှုလေ့လာပြီး ကိုယ်တိုင်ကျင့်သုံးလို့ ရသလို နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးလို့လည်း ရပါတယ်။
မိန်းကလေးတွေလိုတော့ တားဆေးသောက်ပြီး ကိုယ်ဝန်မရအောင် ကူပေးလို့တော့ မရပေမဲ့ ယောက်ျားလေးတွေမှာလည်း တတ်စွမ်းနိုင်တဲ့ဘက်ကနေ ကူညီပေးခြင်းဟာ အမျိုးသားကောင်းပီသရာ ရောက်ပါတယ်။
အမျိုးသားများအနေနဲ့ သားဆက်ခြားခြင်းမှာ ပါဝင်ကူညီလို့ ရတဲ့ အကောင်းဆုံးနည်းလမ်းကတော့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးဖို့ပါပဲ။ အလွှာပါးရင် ကမ္ဘာခြားသလို ခံစားရနိုင်ပေမယ့် ကိုယ်ရော ကိုယ့်ချစ်ဇနီးကပါ ကလေးမလိုချင်သေးဘူးဆိုရင်တော့ ကွန်ဒုံးကို မဖြစ်မနေသုံးပေးသင့်ပါတယ်။ ကွန်ဒုံးဟာ စနစ်တကျ သုံးစွဲမယ်ဆိုရင် ၉၈% ထိ ကိုယ်ဝန်မရအောင် တားဆီးနိုင်သလို အခြား လိင်မှတစ်ဆင့် ကူးစက်ရောဂါများကိုပါ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
ကွန်ဒုံးကို ရွေးချယ်တဲ့အခါ
· ဒိတ်လွန်နေတဲ့ ကွန်ဒုံးမျိုး မဖြစ်ရပါဘူး။
· မိမိရဲ့ ငယ်ပါအရွယ်အစားနဲ့ ကိုက်ညီတဲ့ ကွန်ဒုံးကို ရွေးဝယ်သင့်ပါတယ်။ သေးလွန်းရင်လည်း ကွန်ဒုံးပေါက်နိုင်သလို ကြီးလွန်းရင်လည်း ကွန်ဒုံးချောင်ပြီး ကျွတ်တာ၊ သုက်ရည်အပြင်ဖိတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။
· ကွန်ဒုံးကို အေးပြီး မှောင်တဲ့နေရာမှာ သိမ်းဆည်းပေးပါ။ ပူတဲ့နေရာတွေမှာ အချိန်ကြာမြင့်စွာ သိမ်းတာမျိုး မလုပ်သင့်ပါဘူး။
· ရေအခြေပြု ချောဆီတစ်မျိုးကိုပါ တွဲဖက်ဝယ်ယူပြီး အသုံးပြုသင့်ပါတယ်။
ကွန်ဒုံးများကို ဝယ်ယူပြီး အသုံးမပြုခင်တိုင်းမှာ ဒိတ်လွန်နေခြင်းရှိ၊ မရှိကို သေချာပြန်စစ်ကြည့်သင့်သလို ဖောက်ကြည့်လိုက်တဲ့အခါမှာလည်း ကွန်ဒုံးက ပေါက်ပြဲနေတယ်၊ ချောဆီများ ခမ်းခြောက်နေတယ်ဆိုရင် အသုံးမပြုသင့်ပါဘူး။ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်သွားတယ်လို့ သံသယရှိပါက အမြန်ဆုံး ချွတ်ပြီး အသစ်တစ်ခု လဲလှယ် အသုံးပြုပေးပါ။
တခြားနည်းလမ်းတွေကတော့ ကိုယ်ဝန်ရနိုင်ခြေကို လျှော့ချပေးတယ်ဆိုပေမယ့် လုံးဝလျှော့ပေးနိုင်တာမျိုး မဟုတ်တဲ့အတွက် ရာနှုန်းပြည့် ကိုယ်ဝန်မရစေဘူးလို့ အာမ မခံပါဘူးခင်ဗျာ။ ဒီနည်းလမ်းတွေကတော့
- အမျိုးသမီးများ ရာသီလာတဲ့ရက်ကို သေချာတွက်ဆပြီး ဆက်ဆံခြင်း
- အကာအကွယ်မဲ့ ဆက်ဆံပြီး သုက်ရည်ကို မိန်းမကိုယ်အပြင်ဘက်မှာ ပြီးခြင်း
- မိန်းမကိုယ်နဲ့မဟုတ်ဘဲ စအိုဖြင့် လိင်ဆက်ဆံခြင်း
- သုက်ပိုးဖြန်းဆေးများ ဖြန်းပေးခြင်း စတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
အကယ်လို့ အိမ်ထောင်ရှင်အမျိုးသား မဟုတ်ဘဲ လူပျိုလူလွတ် အမျိုးသားအနေနဲ့ မိမိရဲ့ ချစ်သူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိတယ်၊ မိန်းမကိုယ်အတွင်း သုက်လွှတ်ခဲ့မိတယ်ဆိုရင် ချစ်သူအမျိုးသမီးကို တားဆေးသောက်ထားခြင်း ရှိ၊ မရှိ ပြန်မေးကြည့်သင့်ပါတယ်။ သောက်ထားတယ်ဆိုရင်တော့ သိပ်ပြီး ပြဿနာမရှိပေမဲ့ မသောက်ထားဘူးဆိုပါက အရေးပေါ် သန္ဓေတားဆေးကို လိင်ဆက်ဆံပြီး ၇၂ နာရီ (၃ရက်) အတွင်း နီးစပ်ရာ ဆေးဆိုင်များနဲ့ ဆေးပေးခန်းတွေမှာ ဝယ်ယူသောက်ဖို့ သတိပေးပါ။
ကွန်ဒုံးဟာ ကလေးမလိုချင်သေးတဲ့ အမျိုးသားများအတွက် အလွယ်ကူဆုံးနဲ့ အသက်သာဆုံး နည်းလမ်းဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်ဇနီးနဲ့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးလည်း မသုံးချင်ဘူး၊ ကလေးလည်း မလိုချင်သေးဘူးဆိုရင်တော့
- အမျိုးသမီးအား တားဆေး၊ ဟော်မုန်းတားဆေး ပုံမှန်သောက်ဖို့ မှာကြားခြင်း
- လိင်ဆက်ဆံပြီးတိုင်း သုက်ရည်ကို မိန်းမကိုယ်နှင့် ဝေးရာနေရာမှာ စွန့်ထုတ်ခြင်း (မိန်းမကိုယ် အပြင်ဘက်မှာ သုက်ရည် စွန့်ထုတ်ပါက မတော်တဆ အထဲဝင်နိုင်ပြီး မမျိုးဥနှင့် ပေါင်းစည်းကာ ကိုယ်ဝန်ရသွားတတ်ပါတယ်။)
- ထိုးသွင်းဆက်ဆံမှုမပါတဲ့ လိင်ဆက်ဆံခြင်း (ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း)
- အမျိုးသားများ သားကြောဖြတ်ခြင်း အသေးစားခွဲစိတ်မှု ပြုလုပ်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
သားကြောဖြတ်ခြင်းက အမျိုးသားများ သားဆက်ခြားနည်းလမ်းမှာ ကွန်ဒုံးသုံးတာလိုပဲ ထိရောက်ပြီး ကိုယ်ဝန်လုံးဝမရနိုင်စေပေမယ့် ကုန်ကျစရိတ် တော်တော်လေးများသလို နောက်ပြန်ဆုတ်မရတဲ့ ခွဲစိတ်မှုဖြစ်တာကြောင့် ကိုယ်က တစ်သက်လုံး ကလေးမလိုချင်ဘူးလို့ ဆုံးဖြတ်ချက်ချထားတဲ့ စုံတွဲတွေမှာသာ ရွေးချယ်သင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် လိင်ဆက်ဆံတာဟာ ကျား၊ မ နှစ်ဦး ပါဝင်ရတဲ့ ကိစ္စတစ်ခုဖြစ်သလို၊ ကိုယ်ဝန်တားတာတစ်ခုတည်းကျမှ မိန်းမကလေးတွေအတွက်ပဲ လုပ်ဖို့လိုအတဲ့ အလုပ်လို့ သတ်မှတ်လို့မရပါဘူး။ တားဆေးတွေ အချိန်မှန်အောင် သောက်နေရပြီး Side Effect ဒဏ်တွေ၊ ကိုယ်ဝန်ရသွားမှာ ကြောက်နေရတဲ့ စိုးရိမ်စိတ်တွေကို ပြေလျော့သွားစေဖို့ အမျိုးသားများလည်း သားဆက်ခြားခြင်းမှာ တတ်စွမ်းတဲ့ဘက်ကနေ ကိုယ်ချစ်ရတဲ့ အမျိုးသမီးများကို ဝိုင်းဝန်းကူညီပေးကြဖို့ အကြံပေးလိုက်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်